မွန်ပြည်နယ်ရေးမြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ ခဲအိုတော်စပ်သူက အသက် ၁၄ နှစ်အရွယ် ခယ်မလေးကိုသတ်ဖြတ်အလောင်းဖျောက်မှု

ရေး စက်တင်ဘာ ၂၃ မိဘအုပ်ထိန်းမှုအောက်တွင်ရှိသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးပျောက်ဆုံးနေမှုအား ရဲတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်ခဲ့ရာ လူသတ်အလောင်းဖျောက်မှုဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူတရားခံအား စက်တင်ဘာ ၂၂ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ၃၀.၈.၂၀၁၉ရက်နေ့၊ နံနက်(၈)နာရီအချိန်၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ဒေါ်သန်းချိုသည် ခင်ပွန်းဖြစ်သူနှင့်အတူနေအိမ်၌ရှိနေစဉ် အသက်(၁၄) နှစ်ခန့်ရှိ သမီးဖြစ်သူ ရာသက်ပန်အား ခဲအိုဖြစ်သူ ကိုမျိုးနိုင်မှ ၎င်း၏ခြံတွင် ကွမ်းသီးကောက်ရန်အတွက် လာရောက်ခေါ်ဆောင်သဖြင့် မိဘများမှ ထည့်ပေးလိုက်ပြီး ညနေ (၆)နာရီအချိန်ခန့်တွင် သမီးဖြစ်သူ မရာသက်ပန်မှာ နွားများသိမ်းရန်စေလွှတ်ရာမှ ပျောက်ဆုံးသွားကြောင်း ကိုမျိုးနိုင်မှ လာရောက်ပြောပြ၍သိရှိခဲ့ရပြီး လိုက်လံရှာဖွေသော်လည်း တွေ့ရှိခဲ့ခြင်းမရှိသဖြင့် ရေးမြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့ကြောင်းသိရှိခဲ့သည်။

သမီးဖြစ်သူအား လာရောက်ခေါ်ဆောင်သူ ကိုမျိုးနိုင်မှာ လိုက်လံစုံစမ်းရှာဖွေပေးခြင်းမရှိသည့်အပြင် မည်ကဲ့သို့ပျောက်ဆုံးသည်ကို တိကျစွာပြန်လည်ပြောပြနိုင်ခြင်းမရှိသဖြင့် ၎င်းအားဖမ်းဆီးစစ်ဆေးအရေးယူပေးပါရန် မိဘများမှတိုင်တန်းခဲ့ရာ ရေးမြို့မရဲစခန်းက(ပ)၂၇၃၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၈ အရအမှုဖွင့်ဆောင်ရွက်ခဲ့ကာ အမှုနှင့်ပတ်သက်ပြီး မျိုးနိုင်(၃၃)နှစ်၊ နယ်မြေ(၅၄)၊ အစင်ကျေးရွာ၊ ရေးမြို့နယ်နေသူအားဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့မှ အမှုအားဆက်လက်စစ်ဆေးခဲ့ရာ မသင်္ကာတရားခံ မျိုးနိုင်မှအခင်းဖြစ်နေ့က ရာသက်ပန်အားကွမ်းသီးကောက်ရန် ၎င်းပိုင် အစင်ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိဥယျာဉ်ခြံအတွင်းသို့ အုပ်ထိန်းသူ မိဘများထံခွင့်တောင်း၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ညနေ(၅)နာရီအချိန့်ခန့်တွင် လှန်ထားသော နွားများသိမ်းဆည်းရန် တောအတွင်းသို့ မရာသက်ပန်အားခေါ်ဆောင်၍ သွားရောက်စဉ် တောအတွင်းတွင် မရာသက်ပန်အား ရည်းစားစကားပြောရာမှ ရာသက်ပန်မှ ကြောက်လန့်၍ထွက်ပြေးသဖြင့် ၎င်းကနောက်မှလိုက်ပြီးလိုက်ခေါ်ရာ ရာသက်ပန်မှာခလုပ်တိုက်လဲကျပြီး ဦးခေါင်းနှင့်ကျောက်ခဲစောင့်မိ၍သတိလစ်နေသဖြင့် ၎င်းမှရာသက်ပန်အားပွေ့ချီပြီး ရေးမြစ်အတွင်းမျောချခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့သည်။

အမှုမှပျောက်ဆုံးသူ မရာသက်ပန်ကို လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၂၀-၉- ၂၀၁၉ ရက်နေ့၊ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရေးမြို့၊ သောင်ပြင်ကျေးရွာကမ်းစပ်၌ အလောင်းတစ်လောင်းတွေ့ရှိထားကြောင်း သတင်းအရ အမှုကပျောက်ဆုံးသူ မရာသက်ပန်၏ အလောင်းဟုတ်/မဟုတ် စခန်းမှူး ဒုရဲမှူး ဝင်းမြင့်နှင့်အဖွဲ့မှသွားရောက် အတည်ပြုဆောင်ရွက်ခဲ့ရာ သေဆုံးသူအလောင်းတွင် လည်ပင်းယာဘက်တွင် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်နားအောက်တွင် ပေါက်ပြဲဒဏ်ရာ၊ ၄င်းမသေဆုံးမီဝတ်ဆင်ထားသော အနီရောင်အကျီ(၁)ထည်နှင့် ပန်းပွင့်ပုံသဏ္ဍာန်နားကပ်(၁)ရံတို့အားတွေ့ရှိသဖြင့် ပျောက်ဆုံးနေသောသမီး ရာသက်ပန်းဖြစ်ကြောင်း မိဘများမှအတည်ပြုပြောကြားခဲ့ရာ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူတရားခံအား အသေးစိတ်ဆက်လက်စစ်မေးခဲ့ရာ ၎င်းမှ မရာသက်ပန်အား သတ်ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး လူသတ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်သူ မျိုးနိုင်(၃၃)နှစ်၊ နယ်မြေ(၅၄)၊ အစင်ကျေးရွာ၊ ရေးမြို့နယ်နေသူအား မူလရေးဖွင့်ထားသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၈ မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ သို့ ပြောင်းလဲရေးဖွင့်ကာ ဥပဒေအရတရားဆွဲတင်ပို့မည်ဖြစ်ကြောင်းသိရသည်။

#နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)
Source – SH – သတင်းဌာန

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.